Monday, June 18, 2012

စွန်းလွန်းဆရာတော် ဦးက၀ိ

စွန်းလွန်းဆရာတော် ဦးက၀ိ


dhammaransi.net@gmail.com မှ ပေးပို့သည့်မေးပါ။
စွန်းလွန်းဆရာတော် ဦးက၀ိ
(၁၂၃၉ - ၁၃၁၄)

၁၂၈၂ ခုနှစ်၊ သီတင်းကျွှတ်လပြည့်ကျော် ၁၃ - ရက် အင်္ဂါနေ့ ညဥ့် ၁၀-နာရီ အချိန်ခန့်။။
ကိုရင်ကြီး ဦးက၀ိသည် စွန်းလွန်းရွာတောင်ဘက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း တရားရှူမှတ်နေ၏ ။ ကောင်းကင်မှ တ၀ီဝီအသံကြီးမှာ ကြက်သီးထ လောက်အောင် မြည်ဟည်းနေ၏ ။ သတိ သမာဓိ ပညာထက်သန်ညီမျှစွာ ရှုမှတ် နေရာမှ အသံကြားရာ အထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထားပျံကြီးတစ်စင်း အရှိန်ပြင်းစွာ မိမိထံသို့ တည့်တည့်ကြီး ဦးတည်ဆင်းလာနေသည်ကို တွေ့ရ၏။ ဦးက၀ိကား နတ်ရထားပျံ ကြီးကိုဆက်၍ မကြည့်တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ ရှုမှတ်နေလိုက်သည်။
ဦးက၀ိသည် တရားကိုသာဖိ၍ မိမိရရရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပေါ့၍ ပေါ့၍လာ၏။ အိကနဲ ငြိမ့်ကနဲ သိမ့်ကနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက်သွားသည်ဟု ထင်၍ မျက်စိကိုဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိအောက် သို့ ရောက်နေသည်ကို တွေ့ရပြန်သည်။
ထိုရထားပြန်ကြီး၏ တောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာဘက်တွင် သိကြားမင်း ကိုတွေ့ရ၏။ အားလုံးအရိုအသေပြုနေကြသည်။
တစ်နေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီးတစ်ပွင့်တွေ့၍ နုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါမကျန် တစ်အုံလုံးကျွတ်ထွက်လာသည်ကို တွေ့ရကတည်းက ``အမြတ်ပြတ်လုံးဝ အကျွတ် တရား ရတော့မည်´´ ဟုယူဆ ကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်းကြိုးစားခဲ့ရာ ယခုနတ် သိကြားများကို တပ်အပ်တွေ့မြင်ရပြန်သောအခါ -
`ငါ့အားတရားထူးရတော့မည်ဖြစ်၍ လာရောက်စောင့်ကြသည်´ ဟုထင်မှတ်လိုက် ၏။
နတ်ရထား နှင့် နတ်သိကြားတို့ကို ဂရုမမူပဲ ဣရိယာပုတ် တစ်ခုတည်းဖြင့် တစ်ရှိန် တည်း တစ်သန်တည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင်စွန့်လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင် ရဟန္တာ ဖြစ်တော်မူလေ၏။

ဘ၀များစွာ ကမ္ဘာထုတ်ချင်း မြင်တော်မူပုံ
အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ မရှိတော့ပေ။ အထက်သို့မော့ကြည့်လိုက်ရာ နတ်သိကြားမင်းနှင့် နတ်မင်းကြီးလေးယောက် တို့သည် `အချင်းတို့ ၊ လူ့ပြည်၌ ရဟန္တာ တစ်ပါးပေါ်ထွန်းနေပြီ ။ သွားရောက်ဖူးမြော်ကြ ကုန်လော့´ဟု ကြွေးကြော်နေသည်ကို သိမြင်တော်မူ၏။
ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့် တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး တစ်သုတ် လာရောက်ဖူးမြော်ကြသည်မှာ ကြည့်၍မဆုံးနိုင်အောင်ရှိတော့သည်။
ကိုယ်စိတ်နှစ်ပါးလုံး ထူးထူးခြားခြားငြိမ်းချမ်း၍ လန်းဆန်း ကြည်လင်စွာဖြင့် စကြ၀ဠာ ကမ္ဘာလောကဓာတ် ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက် ဘ၀ဂ် အောက်အ၀ီစိ ရှိရှိ သမျှ ငရဲပြည်လူ့ပြည်နတ်ပြည် ဗြဟ္မာပြည် အားလုံးကို ဒိုးယိုထုတ်ချင်း ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော်မူရလေ၏။ သတ္တလောက သင်္ခါရလောက သြကာသလောက လောကကြီးသုံးပါး လုံးကိုလည်း အနုစိတ် ၀င်စားသုံးသပ်တော်မူ နိုင်လေသည်။
ထိုနောက်မိမိဘ၀ကို ဆင်ခြင်စဉ်းစားနေမိ၏။
မြင်းခြံမြို့ တောင်ဘက် စွန်းလွန်းရွာ ဦးသန့် - ဒေါ်တုတ်တို့မှ ၁၂၃၉ ခုနှစ် တပေါင်း လဆန်း နှစ်ရက် တနင်္လာနေ့ နံနက်လေးချက် မတီးမီဖွားမြင်။
မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅- နှစ် သားတွင် ကျောင်းမှထွက်။
ဖခင် နှင့်အတူ အရေးပိုင်ရုံးတွင် ယပ်လေကြိုးဆွဲရသော မင်းစေအလုပ်။
အသက် ၃၀ တွင် အလုပ်မှထွက်၍ တောင်ယာလုပ်ကိုင်စား . . .
အသိဥာဏ်လွန်စွာချို့ငဲ့လှသော မိမိ၏ လက်ရှိဘ၀နှင့် အတုမရှိမြင့်မြတ်လှသော အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို ဆက်လက်ဝင်စား ကာ ကြည့်ရှုတော်မူ၏။
ဦးက၀ိ အရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တဖလ အာသ၀က္ခယဥာဏ်တော်သည် ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ် နှစ်ပါးနှင့် အတူ ပု-ဒိ-အာ ဟူသော ၀ိဇ္ဇာသုံးပါးလုံး ရတော်မူသဖြင့် `တေ၀ိဇ္ဇ သုံးပါးလုံး ရတော်မူသဖြင့် `တေ၀ိဇ္ဇ ရဟန္တာ´ ဟုပင် ဆိုရပေမည်။´
`အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့တရားထူးရလေသ နည်း´ ဟု ဆင်ခြင်တော်မူ သောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိပြုခဲ့ဖူးသော ကောင်းမှုကို ဤသို့မြင်တော်မူလေ၏။

ဦးက၀ိ ထေရာပဒါန်

တသန္ဓေပေ တစ်ပေလျဉ်းလျဉ်း တညှင်းဆိုးဆိုး အမျိုးမျိုး အဖုံဖုံ သက်တုံ တက်တုံ ဆူကြုံ နိမ့်မြင့် တဖြင့် တစ်ပါး ဆုံလည်နွားသို့ ပြေးသွားကျင်လည်ခဲ့ရသော ဘ၀သံသရာတစ် ခွင်၌ အမျှင်မပြတ် လူနတ်တိရစ္ဆာန် နောက်ကြောင်းလှန်၍ ပြန်ကြည့်မဆုံးအောင် ရှိနေတော့၏
ထိုဘ၀များစွာတွင် ယခုအခါ တရားထူးရခြင်း၏အကြောင်းရင်း ဥပနိဿယ ကုသိုလ်ကံ ထောက်မပုံကို ဆင်ခြင်တော်မူရာ ကဿပဘုရားရှင်လက်ထက်၌ ကျေးသား ( ကြက်တူရွေး) ဖြစ်ခဲ့သည်ကို မြင်တောမူ၏။ ထိုကျေးသားမှာ ဘုရားရှင်အား လွန်စွာ ကြည်ညို လှသဖြင့် အတောင် နှစ်ဖက်ထိပ်မှာ ယှက်၍ နှစ်သက်ကြည်နူး သစ်သီးဆွမ်း လှူခဲ့ဖူးသည်ကို မြင်တော်မူ၏။ ထိုကုသိုလ်ကြောင့် လူ့ပြည်နတ်ပြည်တို့၌ လောကီစည်းစိမ်များ သူမတူအောင် ခံစားရသည့် ဘ၀များကိုလည်း မြင်တော်မူ၏။
ထိုမှ နောက်ဘ၀တစ်ခုတွင် တက္ကသိုလ်ပြည်၌ လွန်စွာထင်ရှားသော သမားတော်ကြီး တစ်ဦးဖြစ်ခဲ့ဖူးရာ ဆေးပညာဖြင့် သတ္တ၀ါတို့အား ကယ်မရခဲ့ဖူးသည်ကို တွေ့ရပြန်၏။ `ထိုဘ၀က တွေ့ကြုံဆက်ဆံ ခဲ့ရဖူးသူတိုင်း ယခုအခါ ငါ့ထံသို့လာရောက်၍ ကိလေသာ ကင်းဝေးအောင်တရားတည်းဟူသော ဆေးကိုစားသုံးကြလိမ့်မည်´ ဟုလည်းမြင်တော်မူ၏။
( ယခုဆရာတော်၏ ဝေနေယျများလည်း ဆေးဆရာကြီး ဘ၀ကဝေနေယျများ ဖြစ်ဟန်တူ၏။)
၅၅၀ ဇာတ်တော် ဇာတ်ပေါင်းခန်းများကို သတိပြုဖွယ်ဖြစ်၏။ ဉာဏ်မမီသူ တို့က ၅၅၀ ကို ဒဏ္ဍာရီ ပုံပြင်ပမာ ပေါ့ပေါ့ဆဆ ထင်မှတ်တတ်ကြရာ ပညာဦးစီးသော သဒ္ဓါတရားကို မွေးမြူကြရာ၏။
အလုပ်ခွင်၌ ငြင်းဆန်ရုန်းကန်နေသော သတ္တ၀ါတို့ကို စည်းရုံးချေချွတ်ရာ၌ ဗုဒ္ဓရှင်တော်မြတ်၏ ၅၅၀ ဇာတ်များသည် အဘိုးကမြေးကို ပြောပြသော ပုံပြင်မျိုးမဟုတ်။ တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ပုဗ္ဗေနိဝါသ အဘိဉာဏ်ဖြင့် ဇာတ်ကြောင်းလှန် ပြတော်မူခြင်းသာ ဖြစ်ကြောင်း ဦးက၀ိက ထောက်ပြလေပြီ။
ဂေါတမမြတ်စွာဘုရား သာသနာခေတ်တွင် သုဝဏ္ဏဘူမိသထုံပြည်၌ မနုဟာမင်းကြီး၏ ဆရာ ဘားမဲ့ဆရာတော် ဘ၀လည်း တစ်ဘ၀ဖြစ်ခဲ့ရဖူးကြောင်း တွေ့တော်မူ၏။
ယခုဘ၀ မိခင်လောင်းဒေါ်တုတ်၏ ၀မ်းကြာတိုက်၌ ဆိုက်ရောက်ကိန်းဝပ် မည်ရှိစဉ် ဖခင်ကြီး ဦးသန့်၌ အိမ်မက်မြင်၏။
ရည်ရည်မွန်မွန် လူတစ်ယောက်က `ဤအိမ် ၌လာ၍နေပါရစေ´ ဟုပြောရာ `ဆင်းရဲလွန်း၍ မနေချင်ပါနှင့်´ ဟုပြောသည်ကို မရ၍ လက်ခံရသည်ဟု ဦးသန့်က ပြောခဲ့ဖူး ၏။ ထို့ကြောင့် `မောင်ကျော်ဒင်´ ဟူသောအမည်ဖြင့် အသိဉာဏ်ရော ဥစ္စာပါ ဆင်းရဲငြိုငြင်စွာ အသက်ရှည်ခဲ့ရရှာ၏။ ကျင်လည်ခဲ့ရသော ဘ၀များမှာလည်း အများအားဖြင့် အဟိတ်တိရိစ္ဆာန် ဘ၀သာလျှင် များပြားခဲ့သဖြင့် ပစ္ဆိမဘ၀ိက (နောက်ဆုံး) ရဟန္တာဖြစ်တော်မူ ရသည့် ယခုဘ၀၌ပင် အသိဉာဏ်ပညာအားနည်းတော်မူရ၏။ ဘ၀ငါးရာတွင် လူအဖြစ် နှစ်ဘ၀သာ ရခဲ့သည်ဟု ဟောတော်မူဖူးသည်။
ဗုဒ္ဓစာပေ၌ `ထေရာပဒါန ပါဠိတော်´ လာ မထေရ်ကြီး `မည်သည့်မည်သည့် ဘ၀က မည်သို့မည်သို့သော ကောင်းမှုကို ပြုခဲ့၍ လူ့ပြည်နတ်ပြည် ၌ မည်သို့ခံစားခဲ့ကြရပုံ၊ ဤဘုရားရှင် သာသနာတော်၌ မည်သို့သော တရားထူးများကို ရခဲ့ကြပုံ´ အသီးသီး ပြန်လည် ၍ ဟောတော်မူကြသည့် ထုံးစံရှိပေရာ ဤဖြစ်ရက်များသည်လည်း `ဦးက၀ိ ထေရာပဒါန´ ဟုဆိုရမည် ဖြစ်၏။ ဆိုသင့်၏။


ဂိုဏ်းဆရာ၏ တဘောင်စကား

ဦးက၀ိလောင်းလျာ `မောင်ကျော်ဒင်´ သည် ဆင်းရဲငြိုငြင်စွာ မင်းစေဘ၀ ၀မ်းကျောင်းခဲ့ရစဉ် အချိန်တန် အရွယ်ရောက်သောအခါ တစ်ရွာတည်းနေ `မရွှေရည်´ ဆိုသူ အမျိုးသမီး တစ်ဦး နှင့် သင့်မြတ်၍ သားသမီး ငါးယောက် ထွန်းကားခဲ့၏။ လေးဦးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ကြ ရာ ကိုရှိန် ခေါ် ကိုကံညွှန့် တစ်ဦးသာလျှင် ရှိသည်။ အသက်-၃၀ တွင် လခစားအလုပ်မှ ထွက် ခဲ့ပြီးနောက် မိဘလက်ငုပ် တောင်ယာ အလုပ်ဖြင် အသက်မွေး ရ၏။
ကိုကျော်ဒင်မှ ဦးကျော်ဒင်ဖြစ်ကာ ဘ၀ဖြစ်စဉ်မှာလည်း တက်သုတ်နှင်၍ လာတော့၏။ ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်ထူးကြီးများ အနီးအပါးတွင် ဒေ၀ီလ, ကောဏ္ဍည စသော လောကီ ဆရာများကပ်မြောင်၍ ရှိနေတတ် ကြသကဲ့သို့ ဦးကျော်ဒင်၏ အနီးအပါးတွင်လည်း သူငယ်ချင်းတစ်ဦး ဖြစ်သူ ဦးစံတင်မှာ ကောဏ္ဍညပင် ဖြစ်၏။ ဦးစံတင်အား `လောကီမှော် အောင်သူ´ ဟုပြောသူကပြော၍ `ရံခါ ကမ္ဘာစောင့်နတ်ကြီးများ ပူးကပ်ခံရသူ´ ဟု ဆိုသူက ဆိုကြလေသည်။
လောကီနှင့် လောကုတ္တရာသည် ခွဲ၍မရသကဲ့သို့ ထိုမမြင်ရသော ဖြစ်ရပ်ဆန်း များက လည်း ပုဂ္ဂိုလ်ထူးများ အနီးအပါးတွင် ကပ်ဝင်လာတတ်ပေသည်။
တစ်နေ့တွင် ဦးကျော်ဒင်အိမ်သို့ ဦးစံတင်ရောက်လာ၏။ ခရီးရောက်မဆိုက် ဦးစံတင်က အောက်ပါ တဘောင်ကို ရွတ်ပြသည်။
`` တစ်လိမ် နှစ်လိမ် လိမ်လို့ရှုပ်၊ အမယ်ဗုဓ်ကဲ့ သူ့ချည်ခင်။
ဘယ်သူငင်မှ သည်ရှုပ်ထွေး၊ ရှင်းနိုင်ပါ့မလေး ´´
`` ချည်ခင်ကြို ချည်ခင်ကြား၊ လွန်းကလေးနဲ့သွား။ ဘုရားငုတ်တို ရောင်ချည်တော်လွှတ်ပါလို့၊ ပုံတော်ဝတ်တဲ့ မခွေးရယ်၊
အနား စိမ်းရောင်ခြယ်၊ အလယ်ပြာ ဘောင်ကွက်နဲ့၊ လက်ခတ်သံ
ကျွန်းဖိုသား၊ သောင်းတိုက်ကကြား။´´

ဦးစံတင်သည် တဘောင်ကိုရွတ်ပြပြီး အဓိပ္ပာယ်ကိုပါဆက်၍ ရှင်းပြနေသဖြင့် ဦးကျော်ဒင်မှာ ဘုမသိဘမသိ နားထောင်ရင်း အင်း… လိုက်နေရပြန်၏။
``အမယ်ဗုဓ် ချည်ခင်ဟာ ဘယ်လောက်ပဲရှုပ်ရှုပ် ရက်ကန်းစင်ကျရင် ရှင်းသွားတာ ပဲ ကိုကျော်ဒင်ရဲ့။ အမယ်ဗုဓ်ခေါ်တဲ့ ဒီဘုရားရှင်လက်ထက်မှာ အ၀ိဇ္ဇာ ချည်ခင်ရှုပ်ကြီးကို သတိပဋ္ဌာန် ရက်ကန်းစင်မှာ သတိလွန်း တစ်လုံးတည်းနဲ့ပဲ ကိုကျော်ဒင် ခင်ဗျား ရှင်းရလိမ့် မယ်ဗျာ။´´
``အဲဒီအခါမှာ စွန်းလွန်းရွာ တောင်ဘက် တကယ့်ရက်ကန်းစင်လဲ ပေါ်လိမ့်မယ်၊ ရက်ကန်းစင်ပေါ်တဲ့ ကျွန်းဖိုကုန်းမှာ ခင်ဗျား သာသနာပြုရလိမ့်မယ်။ သာသနာပြုတဲ့အခါ ကျွန်းတိုင်နှစ်လုံးလဲ ပါလိမ့်မယ်။´´ ``ဘုရားငုတ်တိုရောင်တော်လွှတ်´´ ဆိုတာက ပဋိပတ္တိ သာသနာတော်ကြီး ငုတ်တိုနေခဲ့တာ ပြန်ပေါ်လာတော့ မယ်လို့ ဆိုလိုတာပဲဗျ။ အဲဒီတော့ ကိုကျော်ဒင် ခင်ဗျားရဲ့ တရားလက်ခတ်သံကို တစ်နိုင်ငံလုံး ၃၁ ဘုံလုံးက ကြားလာရမှာ´´ဟု ဆက်တိုက် မမောနိုင် မပန်းနိုင်ပြောလျက်ရှိရာ . . .
``မွန်းစံတင်… တော်စမ်းပါကွာ၊ တောက်တီးတောက်တဲ့ တွေပြောမနေစမ်းပါနဲ့´´ဟု ဦးကျော်ဒင်က မကြား လိုဟန် ပြောလိုက်သောအခါ . . .
``ခင်ဗျားစောင့်ကြည့်သေးတာပေါ့´´ ဟုပြောလိုက်၏။

အမှောင်ခွင်းမည့် ဆီမီးတစ်ထောင်
ဦးကျော်ဒင်နှင့် မရွှေရည်တို့သည် ထိုနှစ်တွင် အထိုက်အလျောက် သောင်သာသဖြင့် ယာတစ်ကွက်ကိုပင် ၀ယ်ယူကာ ဇနီးမောင်နှံယာရှင်း ခုတ်ထွင်နေကြရာ-
``ရှင်ရွှေရည်ရေ့ ၊ တို့ဒီနှစ် ဒီယာထဲမှာ နှမ်းကြဲကြရင်ကောင်းမယ်။ နှမ်းအတင်း ငါးဆယ်သာ ထွက်ပစေ၊ ဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ရအောင်ဟေ့´´ ဟု ဦးကျော်ဒင်က ပေါက်ပြားကိုင်၍ နားရင်း ပြောလိုက်၏။
``ငါးဆယ် အရပါနဲ့ဦးတော်၊ လေးဆယ်ပဲရရ ဆီမီးပူဇော်ရတာပ´´ ဟု မရွှေရည်က သစ်မြစ်သစ်မှိုက် ကောက်ရင်း ချက်ချင်းပြန်ဖြေလိုက်သည်။
``အေး ကောင်းသဟေ့၊ ဂတိမဖျက်တမ်းနော်´´ ဟုဦးကျော်ဒင်က ပြောဆိုကာ အတန်ငယ် စကားရက်၍ စိတ်ကူးဖြင့် အလှူပေးကြည့်လျက်-
``ရှေးကလို အတီးအမှုတ်တွေနဲ့ ငါမသွားချင်ဘူးကွာ၊ ကလေးမတွေ လက်ဝတ် လက်စားပျောက်နေရင် တို့တာဝန် ဖြစ်နေဦးမယ်၊ ရိုးရိုးပဲ သွားကြမယ်´´ ဟုမမောနိုင် မပန်းနိုင် တောင်ယာခုတ်ရင်း စိတ်ကူးအလှူ ပေးနေမိကြ၏။
မိုးကျ၍ နှမ်းများကြဲကြရာ မိုးခေါင်နေသဖြင့် နှမ်းပင်များ သေလုသေခင်ဖြစ်သွား၏။ ကျန် ယာနီးချင်း အခင်းများ သေကြကုန်၏။ ဦးကျော်ဒင်၏ နှမ်းခင်းမှာမူ မသေမီမိုးရ၍ ထူးထူး ခြားခြား နှမ်းများ ရခဲ့သည်။ မရွှေရည် တောင့်တသည့်အတိုင်း အတင်းလေးဆယ်တိတိ တစ်လက် ဆွမ်းမျှ မပိုမလိုရှိလေ၏။
ထိုနှစ် ၁၂၈၁ ၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရား တရား သံဃာအား ဆီသုံးပိဿာ စီလှူ၍ ပရိတ်တရား နာကြားကြ၏။ ထိုနှစ်တွင် စီးပွားလည်းတက်၊ ဒေါ်ရွှေရည် မှန်းချက်နှင့် နှမ်းထွက်ကလည်း ကိုက်ညီ၍ ဒေါ်ရွှေရည်လည်း ပရိတ်နာလာသူများအား ဆေးကွမ်း လက်ဖက် ဖြင့် ဧည့်ခံရသည်ကို မမောနိုင်အောင် ရှိတော့သည်။
ထိုနေ့ နေ၀င်သည်နှင့် တစ်ပြိုင်နက် ရွာ၏ အရှေ့တောင်ဘက်ရှိ စေတီတော်သို့ သွား ကာ ဆီမီးပူဇော်ကြသည်။ ဦးကျော်ဒင်အား စေတီအပါးမှာ မခွာ။ ဆီမီးတောက်များကို တစိမ့် စိမ့်ကြည့်ရင်း ပီတိဖြစ်နေ၏။ ဆီမီးခွက်ထဲမှ မီးစာ အဖျားမှာ မည်း၍ မည်း၍ လာ၏။ ဆီမီး အညွှန့်ကလေးများက အဆက်မပြတ် တဖျတ်ဖျတ် တလျှပ်လျှပ် တက်၍ တက်၍ လာ၏။ ဆီများ ဆူဝေ၍ ပွက်လာ၏။ အချို့ခွက်များ မီးစာကုန် ဆီခန်း၍ ငြိမ်းသွား၏။
ဦးကျော်ဒင်သည် တစိမ့်စိမ့်ကြည့်ရင်းက မီးပူကြောင့် ဆူဝေကာ တဖျစ်ဖျစ် မြည်သောအသံနှင့် ဆီမီးခွက်များ၏ တောက်လောင်ချုပ်ငြိမ်းမှုများက သူ့အားဖျိုးဖျိုး ဖျဉ်းဖျဉ်းနှင့် ကြက်သီးမွေးညှင်းထစေ၏။
ဇနကမင်းကြီးနှင့် ကရဏ္ဍကမင်းကြီး တို့အား အပွင့်အသီးကြောင့် ခက်ရွက်ကျိုးရ သော သစ်ပင်များက တောထွက်ရန် တရားဟောပြနေသကဲ့သို့ ဆီမီးခွက်များကလည်း ဦးကျော်ဒင်အား အဘယ်သို့သောတရားကို ဟောပြလိုက်သည်မသိ။ ဦးကျော်ဒင်အား ချက်ချင်းထိုင်ကား ဘုရားကို လက်အုပ်ချီ၍ ဆုတောင်းလိုက်တော့သည်။
`ယခုနေသာ ငါဆုတောင်းရရင် ဧကန္တ တောင်းတိုင်းရမှာဘဲ´ ဟုလည်း ပီတိအဟုန် ဖြင့် ယုံကြည်သက်ဝင်ကာ -
``ဤသို့ အလင်းရောင် ဆီမီးအလှူကြောင့် အကျွန်ုပ်သည် ရဟန်းဖြစ်ရပါလို၏။ ရဟန်းဖြစ်သောအခါ အကျွန်ုပ် တရားဟောပြော ဆုံးမသည့်အတိုင်း သတ္တ၀ါတွေ ကျင့်ကြံနိုင် ကြပါစေ´ ဟု စိတ်အကြံ ပေါ်လာသည့်အတိုင်း ဆုတောင်းလိုက်သည်။
ဆုတောင်းပြီးသွားသော်လည်း စိတ်ထဲတွင် `ငါ ဘယ်လိုလုပ် တရားဟောနိုင်မတုံး၊ စာမှမတတ်ဘဲ´ ဟူသော မိမိတောင့်တချက်ကို အနုတ်လက္ခဏာ ပြသည့် နောင်တ ပူပန်မှုက ၀င်လာပြန်၏။
`စာတတ်မှာသာ တရားဟောနိုင်မည်´ ဟု ထင်နေသောကြောင့် ဖြစ်သည်။ တိုးတက် အောင်လုပ်နိုင်သည်မှာလည်း ထိုစိတ်ပင်ဖြစ်၍ နိမ့်ကျစေနိုင်သည် မှာလည်း ထိုစိတ်ပင်တည်း။ မည်သို့ဖြစ်စေ ဆီမီးတစ်ထောင် အလင်းက အမှောင်ခွင်းလေပြီ။

မသေသောတရား ရှာသင့်ပြီ

`ပစ္စည်းဥစ္စာတက်လျှင် လူသေတတ်တယ်´ ဟူသော အစွဲက ဦးကျော်ဒင်အား ဥပါဒါန် ဖြစ်စေ၏။ ထိုနှစ် ဦးကျော်ဒင် လင်မယား ထူးထူးခြားခြား စီးပွားတက်သည်။ မြင်းခြံ မြို့၌ ပလိပ်ရောဂါဖြစ်၍ နေ့စဉ် သုသာန်၌ လူစည် ကားနေ၏။ သူအို၊ သူနာ၊ သူသေ ရဟန်း နိမိတ်ကြီးလေးပါး ထင်သကဲ့သို့ ဦးကျော်ဒင်၌လည်း သေခြင်းတရားက အ ရိပ်နိမိတ်များ ပြလျက်ရှိ၏။
``ပလိပ်ရောဂါထဲများ ခုနေပါသွားရင် ငါ့မှာဘာကုသိုလ်မှ မယ်မယ်ရရ အားကိုးစရာ မရှိသေးပါလား´´ ဟု နီး ကပ်သောဘေးကြီးကို တွေး၍ မိမိကိုယ်ကို စစ်ဆေးကြည့်မိကာမှ ကြက်သီးထနေမိ၏။
တပေါင်းလ၏ ညတစ်ညတွင် ဦးကျော်ဒင်သည် အလန့်တကြားအိပ်ရာမှထကာ ဗလုံးဗထွေး မပီမသ အသံ ကြီးဖြင့် မရွှေရည်အား အိပ်ရာမှ လှုပ်နှိုးလိုက်သည်။ မရွှေရည်မှာ -
``ဘာလဲကိုကျော်ဒင် ရဲ့´´ ဟု အလန့်တကြား ထူးထူးထထ ထထိုင်လိုက်၏။ ဦးကျော်ဒင်မှာ ကတုန်ကရင် ဖြစ်လျက် -
``ရွှေရည်ရ ငါ့ရင်ဘတ်စမ်းကြည့်ပါအုံး၊ ငါတော့သေရတော့မှာပါကွာ´´ ဟုဆိုကာအိပ်မက်မက်ပုံကို ပြောပြ၏ ``ရွှေရည်ရယ်တို့အိမ်ရှေ့က မဏ္ဍပ်ထဲမှာ ဘုရားဆင်းထုတော် ကြွလာပြီး လှုပ်လှုပ်နဲ့ ပြုံးတော်မူတာ ဖူးရတယ် ဒါ နဲ့ ငါက ညည်းလက်ထဲက ဆွမ်းအုပ်ကိုယူပြီး ငါကိုယ်တိုင်ဆွမ်းကပ်ရတယ် ၊ ဆွမ်းကပ်တော့ဘုရားဆင်းထု က ပြော တယ် `သတ္တ၀ါတွေက တယ်ရှုပ်တယ်၊ ငါယခုသာ စကားပြောမယ်၊ နောက်မပြောတော့ဘူးတဲ့´ ကဲပါဟယ် ဘုရားမီးပူ ဇော်ရအောင် ငါ့ကိုဖယောင်းတိုင်ပေးစမ်းပါ၊ ငါတော့ သေရတော့မှာပါ နောက်ဆုံးကုသိုလ် လုပ်ရအောင် ဘုရားကြွ လာပြီး သတိပေးတာနေမှာပဲ´´ ဟုပြောပြ၏။
``အိပ်မက်အကြောင်း ဘယ်သူမှမပြောရင် ဖယောင်းတိုင် ပေးမယ်´´ ဟုကတိခံစေကာ ဖယောင်းတိုင် ပေး၏
ဦးကျော်ဒင်လည်း ဖယောင်းတိုင်ယူပြီး ချက်ချင်းပင်ဘုရားဘက်သို့ထွက်သွား၏။ ဘုရားသို့ရောက်လျှင်သူငယ်ချင်း
ဦးချီတိုင်နှင့်တွေ့၍ အကျိုးအကြောင်းမေးရာ သေရမည်ကြောက်၍ ဘုရားမီးပူဇော်ရန်လာကြောင်း ပြောပြသောအခါ ဦးချီတိုင်က ခုနှစ်သက္ကရာဇ် မေးစမ်းပြီး တွက်ချက်ကြည့်၏။
``ဟ … မွန်းကျော်ဒင်၊ မင်းစနေဂြိုလ်ထဲမှာ ပါလားကွ၊ အေးကြောက်တော့လဲ သိပ်ကြောက်မနေနဲ့ပေါ့၊ မင်း အိမ်မှာ ခြေနှစ်ချောင်းထွက်ကိန်းလဲ တွေ့နေရတယ်´´ ဟုပြောလိုက်ရာ -
``ဟ… မပြောစမ်းပါနဲ့ကွာ၊ နဂိုကမှကြောက်ရတဲ့အထဲ´´ ဟုပြောလျှင်-
``ငါကပြောတာမဟုတ်ဘူး၊ ဗေဒင်ကပြောနေတာ´´ ဟုထပ်၍ လောပြန်သဖြင့် ဦးကျော်ဒင်မှာ ဆောင်တည် ရာမရ ပို၍ပင်ကြောက်လန့်နေတော့သည်။
သေရမည်ကို ကြောက်လန့်လှ၍ မသေတရားရှာခြင်း အားဖြင့် ကြိုးစား၍ ဘုရားဝတ်တက်မည် ဟုအားခဲ လိုက်သည်။ သူငယ်ချင်း ဦးချီတိုင်နှင့် ဦးစံတင်တို့ကိုလည်း နေ့စဉ်ဘုရား ၀တ်တက် ၀တ်ကပ်ရန် သတိပေးတောင်း ပန်ထား၏။
အကြောင်းတရားတို့သည် ဆန်းကြယ်လှကုန်၏။ ထစ်ထစ်ချသတ်မှတ်ပြီး လွှတ်လိုက်သောကံတရားက အ ချိန်နီးကပ်လှပြီဖြစ်၍ ဘ၀ကိုအကျဉ်းရုန်းကာ တက်သုတ်နှင်လေတော့သည်။
များမကြာမီကာလ လသာသော ညတစ်ည၌ ဦးကျော်ဒင်သည် ဦးစံတင်နှင့် အတူ အိမ်ရှေ့ကွပ်ပျစ်၌ စကား ပြောရင်း နှစ်ယောက်သား အိပ်ပျော်သွားကြ၏။တစ်နာရီခန့်ရှိလျှင် ဦးကျော်ဒင်က ဦးစံတင်အား အလန့်တကြား လှုပ် ၍နိုးပြီးလျှင် -
``ကဲ မင်းပြောတာ ငါနားမလည်ဘူးကွ၊ ဆက်ပြီးပြောစမ်းပါအုံး´´ လောတိုက်ပေးရာ ဦးစံတင်မှာ အိပ်မှုန်စုံ မွှားဖြင့် -
``ကျုပ်ဘာပြောလို့လဲ´´ ဟု ကြောင်အမ်းအမ်းပြောလိုက်ကာမှ ဦးကျော်ဒင်သည် မိမိဘာသာ အိပ်မက်ထဲ တွင်နှစ်ယောက်သား စကားပြောကြရာ နားမရှင်း၍ ထပ်မေးမည်ရှိစဉ် နိုးလာသော်လည်း အိပ်မက်ဇာတ်လမ်းအရ ဆက်၍ မေးနေမိခြင်းဖြစ်ကြောင်း သတိရသွား၏။
``ငါတော့ သေဖို့ရက် နီးနေပြန်ထင်ပါရဲ့ သူငယ်ချင်းရာ၊ ခုတစ်ခါ အိပ်မက်မက်ပြန်တယ်၊ မင်းကငါ့ကို ပြော တယ်၊ `သတ္တ၀ါတွေဟာ အလွန်တနားစရာကောင်းနေပြီ၊ ကပ်ကြီးသုံးပါးဆိုက်နေတယ်၊ မျက်စိလည် လမ်းမှားပြီး ချောက်ကမ်းပါး ကျကုန်ပြီ´ လို့ပြောတော့ ငါက `ချောက်ကမ်းပါး၊ ကျမှန်းတော့သိတယ်၊ ခုနေများ လမ်းမှန်တွေ့ ရင် လိုက်ချင်ပါသကွာ´ လို့ ပြန်ပြောတာကိုးကွ၊ ဒီတော့မင်းက `လမ်းမှန်ရောက်ချင်ရင် မခက်ပါဘူး၊ လမ်းဆုံ လမ်းမ လမ်းလေးခွ ကနေစောင့်ပါ၊ လမ်းမှန်ပြမယ့် ပုဂ္ဂိုလ် ပေါ်လာပါလိမ့်မယ်´လို့ ပြောတာကို ငါနားမရှင်းလို့မေးတာ၊ လက် စသတ်တော့ မင်းလဲဘယ်သိမလဲ၊ အိပ်မက်ထဲမှာ ပြောကြတဲ့စကားဟာကိုး´

အိပ်မက်တိတ္ထုံ စိတ်မလုံ မယုံစားလွန်းရာ

``မွန်းစံတင်၊ ငါမလဲ ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေပြီ၊ ဒီအတိုင်း နေလို့တော့ မဖြစ်ဘူး၊ ငါ့စိတ်ကို ဆေးကုမှဖြစ်တော့ မယ်၊ တစ်နေ့ကအိပ်မက်မက်သလို ငါ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ဘုရားရုပ်ပွားတစ်ဆူ ပင့်ထားမယ်၊ ရွာက ၀တ်အသင်း သူ အသင်းသားတွေလဲ ဘုရားထိမသွားပါနဲ့၊ ဒီမှာဘဲ သုံးလေးရက်လာ ၀တ်တက်ဖို့ဖိတ်မယ်၊ ဧည့်လည်းခံမယ်၊ မကောင်းဘူးလား´´ ဟု မိမိ စိတ်ချမ်းသာမည် ထင်သည့်အတိုင်း ပြောဆိုစီမံရာ ဦးစံတင်ကလည်း သဘောတူ၍ မဏ္ဍပ်အတူထိုးကြလေ၏။ ညဥ့်ဦးယံ ထမင်းစားသောက်ပြီးသည်နှင့် စွန်းလွန်းရွာမှ ဘုရား တရား ၀ါသနာပါသူများ လာရောက်ဝတ်တက်ကြ၊ တရားစကားပြောကြ၊ ငြင်းခုံကြ၏။ မရွှေရည်မှာ ပါရမီဖြည့်ကာ ဆေးကွမ်း လက်ဖက်ဖြင့် ဧည့်ခံရှာ၏။ ဦးကျော်ဒင်လည်း အတန်ငယ် စိတ်သက်သာရာ ရဟန်ရှိသည်။
မသေတရားကား မတွေ့သေးချေ။
ဤနေရာ၌ ယောဂီတို့သတိပြုရမည်မှာ အိပ်မက်နှင့် အတိတ် နိမိတ်များပင်ဖြစ်သည်။ သိလျှင် အိပ်မက်နှင့် အတိတ်နိ မိတ်တို့သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။ နတ်တို့ပြဆောင် တဘောင်အတိတ်နိမိတ် အိပ်မက် လက္ခဏာ ဗေဒင်တို့သည် ကောင်းကျိုးကို ပေးနိုင်သော အစစ်များရှိသကဲ့သို့ လမ်းလွှဲချောက်ကျစေသော အတုများလည်း များ ကုန်၏။ ယောဂီ၌ အစစ်အတု ခွဲခြားနိုင်သော အင်အားမရှိလျှင် ပို၍ ရှုပ်ထွေးစေနိုင်၏။ အလုပ်ပျက်တတ်ပေသည်။
``ယောဂီ(ရဟန်း)သည် ဆေးကု ဗေဒင်ဟော စသော လောကီအလုပ်များကို မလုပ်ရ၊ မယုံကြည်ရ။ ဥပါသိ ကာသည် `ကောတုဟလ မင်္ဂလာ´ ကိုမယုံရ ´´ စသည်ဖြင့် ဘုရားရှင် တားမြစ်တော်မူ၏။ ယောဂီအား အလုပ်ပျက် စေနိုင်သောကြောင့် ဖြစ်သည်။ ခွဲခြားနိုင်ပါမူကား အလုပ်ခွင်၌ အလွန် အကျိုးများသည်မှာ တော့အမှတ်ပင်။
မည်သို့ဖြစ်စေ၊ `ပါရမီရှိသူ၊ ကံကောင်းသူအား မြင်ရမမြင်ရသူများ အားလုံး ၀ိုင်းကူ၍ လုပ်ပေးနေကြရသည်´ ဟု ယောဂီအကြွင်းမဲ့ ယုံကြည်ပါလေ။ (နေ့စဉ် မေတ္တာပို့၍ အမျှပေးပါလေ။ အကူအညီကိုလည်း တောင်းခံနိုင်ပေ၏။) ထမင်းချက်တတ်သူက ချက်ပေးရ၏။ တရားပြတတ်သူက ပြပေးရ၏။ အိပ်မက်လုပ်တတ်သူတို့က အိပ်မက်လုပ်ပေး ကြသည်။
``တရားအားထုတ်သူထက် ပါရမီရှိသူ၊ ကံကောင်းသူအား လောက၌ မရှိပြီ´´ ဟုသာ ယုံကြည်၍ ကိုယ့်အ လုပ်ကိုသာ တွင်တွင်ကြီးလုပ်ကြရာ၏။ တရားသည် တရားကိုသာ ပေးလိမ့်မည်။
ကံတရားတို့၏ အကျိုးပေးပုံမှာ ဆန်းကြယ်လှ၏။ အကုသိုလ် အရာ၌ နတ်ဆိုးကြီး တစ်ဦးက ခေါင်းဆောင် စီ မံနေသကဲ့သို့ လည်းကောင်း၊ ကုသိုလ်အရာ၌ နတ်သူတော်ကောင်းကြီးတစ်ဦးက ဦးဆောင်ခန့်ခွဲနေသကဲ့သို့လည်း ကောင်း၊ မြင်နေရတတ်၏။ အလွန်လည်း အကွက်စေ့၍ တိကျလှပေစွာ့။
ကမ္မဿကတာ = ကံအကြောင်းရင်းကို မမြင်၊ ဤနေရာ၌သာ အသိလမ်းဆုံးကြရာမှ နတ်ကိုးကွယ်သော ၀ါဒ၊ ဖန်ဆင်းရှင် ဘာသာတို့ ဖြစ်ပေါ်လာကြကုန်၏။

လယ်တီဆရာတော်၏ ကျေးဇူး

ပထမတစ်ရက် နှစ်ရက်တွင် ရွာထဲက အဘိဓမ္မာဆရာ စာသမားများသာ လာကြ၏။ သုံးရက်မြောက်သောနေ့ တွင်ကား စတီးဘရားသားစက်ထဲမှ စာရေးကြီးဦးဘစံသည် အထူးပင့်ဖိတ်ရဘဲ တရားဆွေးနွေးရန် ပေါက်လာ၏။ စက် ထဲသို့ ထင်းရောင်းလာကြသော အညာဘက်မှ လှည်းသမားနှစ်ယောက်လည်း စာရေးကြီးနှင့် လိုက်ပါလာကြသည်။ လှည်းသမား တစ်ဦးမှာ ဘုန်းကြီးလူထွက်၊ လယ်တီဆရာတော်၏ တပည့်ဖြစ်၍ အာနာပါန ကမ္မဌာန်း အကြောင်းကို ပါဠိများရွတ်ကာရွတ်ကာ များစွာ ဟောပြောဆွေးနွေးသည်။
စာရေးကြီး ဦးဘစံကား အာနာပါန အကြောင်းကို အနည်းငယ်မျှသာ ပြော၍ လှည်းသမားနှင့် စွန်းလွန်းမှ တရား ဆရာများကို မိတ်ဆက်ပေး၏။ ဦးဘစံကား လယ်တီဆရာတော်ကပင် တရားထူးရထားသူ ဖြစ်ကြောင်း ( တ ရားစစ်မေးပြီး) သာဓုခေါ်ခံရသူ ဖြစ်သည်။ အရိယာပုဂ္ဂိုလ်ထူးပင်တည်း။
မည်သည့် ကိစ္စမဆို အကျိုးတစ်ခုဖြစ်ပေါ်ရာ၌ အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်လို့ဖြစ်တာ ဟု သာမန် မအောင့်မေ့ရာ။ မသိမမြင်နိုင်သော အကြောင်းပေါင်းများစွာတို့ စုပေါင်းဆုံဆည်းမှသာ ဖြစ်ပေါ်လာရသည်။ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါပေ၏။
ဦးကျော်ဒင်သည် တရားသမား အဘိဓမ္မာ သမားများ အားရပါးရဆွေးနွေးနေကြသည်ကို အနားမှထိုင်၍ သက် ပြင်းချကာ မလှုပ်မရှက်တွေတွေကြီး နားစိုက်နေ၏။ သူတို့ပြောသော စကားများတွင် နားမလည်သည်က များသည်။ သို့သော် `အာနာပါန´ ဟူသောစကားကို ထပ်ချည်တလဲ့လဲ ပြောဆိုနေကြရာ `အာနာပါန´ ဟူသော အသံကို ကြား ရခါမျှဖြင့် ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ထနေ၏။
အနာထပိဏ် သူဌေးကြီး ကုန်ရောင်းကုန်ဝယ် သွားစဉ် `ဘုရား´ ဟူသောစကားကို ကြားရခါစ ရိုးတွင်းခြင်ဆီ ထိအောင် ပီတိဖြစ်ရသကဲ့သို့ ရှိ၏။
ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ဖြစ်ကာ အနားမှ နားထောင်ရင်း ``သူတို့ မဖိတ်ပဲနဲ့ ရောက်လာကြ တယ်။ အိပ်မက်ထဲကအတိုင်း လမ်းလေးခွက မဏ္ဍပ်ထိုးပြီး စောင့်နေမိပြီပဲ။ (ဦးကျော်ဒင်၏ အိမ်သည်မှာ ရွာတွင် လမ်းလေးခွဆုံဖြစ်သည်။) `သူတို့ပြောနေတဲ့ တရား ငါအားထုတ်လိုက်ရရင် မုချရတော့မှာပဲ´ ´´ ဟုစဉ်းစားနေမိ၏။
`အင်း - သူတို့ပြောတာ ပါဠိပါဌ်သားတွေနဲ့၊ အကုန်လည်းနားမလည်ဘူး၊ ခက်တာပဲ။ ငါ့မှာစာကလဲမတတ်၊ ဖြစ်သေးပါဘူးလေ´ ဟု အားလျော့ အရှုံးပေးသော စိတ်ကလည်း နောက်ကဆက်၍ ဆွဲနေပြန်၏။
`တရားအားထုတ်လိုစိတ်´ ကို `စာမတတ်´ ဟူသောစိတ်က လိုက်၍နောက်ယှက်နေသကဲ့သို့ ယောဂီတိုင်း တွင် အလားတူ စိတ်တစ်မျိုးမျိုးက ကုပ်ပိုးကို ဆွဲ၍ ဆွဲ၍ ရှေ့တိုးနောက်ငင် လုပ်တတ်ပေသည်။ (ယင်းလည်း တရား သဘောပင်တည်း။) စာသန်သူများ၌ ထိုနောက်ဆွဲအားသည်ပို၍ များတတ်၏။ စာတွေ့လက်တွေ့ ကျင့်ကြံပြီးသူများက တဲ့တဲ့ ကြီးပြောသော်လည်း မယုံနိုင်သေး။
ဤကဲ့သို့သော ခေတ်ကြီးမျိုး၌ ရိုးတွင်းခြင်ဆီဆိုက်မျှ တစ်စုံတစ်ခုသော ထိခိုက်မှု မရှိသေးလျှင် `ငါနေရာမ ကျသေး´ ဟုကိုယ့်ကိုကိုယ် အဖြေပေးကာ အပတ်တကုတ် ကြိုးစားအားထုတ်သင့်ကြပြီ။
 

No comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေအပေါင်းအား ခင်မင်လေးစားစွာဖြင့်

ရှာလို့လွယ်အောင် အသစ်တင်သမျှခေါင်းစဉ်များ

Related Posts Plugin for WordPress, Blogger...
လာရောက်လည်ပတ်ကြသော မိတ်ဆွေများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။